Sunday, July 30, 2006

ကျွန်ုပ်၏ မိဖုရား

တကယ်တော့ ကျွန်တော်ဟာ သူမကို မိဖုရားအဖြစ် ရွေးချယ်ခဲ့တာဖြစ်ပြီး လက်တွေ့ဖြစ်လာသည်မှာတော့ သူမသည် ကျွန်တော်၏ ဘုရင်မဖြစ်ခဲ့ပါသည်။
ကျွန်ုပ်၏ သူမအပေါ် ချစ်မြတ်နိုးစွာ ပိုင်ဆိုင်လိုသော ရယူလိုမှုများသည် သူမအား စိတ်ချမ်းသာစေခြင်း ဟူသော ပေးစပ်မှုများသာ ဖြစ်လာခဲ့သည်။

ကျွန်ုပ်၏ တမ်းတခြင်းများကို သူမစိုးမိုးခဲ့လေပြီ...
ကျွန်ုပ်၏ သတိရခြင်းများကို သူမတစ်ဦးတည်းသာ ပိုင်ဆိုင်ခဲ့လေပြီ...
ကျွန်ုပ်၏ ချစ်မြတ်နိုးတတ်ခြင်းများတို့ကို သူမကသာ သိမ်းပိုက် ရယူခဲ့လေပြီ...
ကျွန်ုပ်၏ အိမ်မက်များတွင် သူမ အမြဲတစေ စိုးမိုးခဲ့လေပြီ...

ဒါပေမယ့် ကောင်မလေးရယ်...
ယောင်္ကျားတစ်ယောက်ရဲ့ လက်ကျန်မာနလေးနဲ့ မင်းရှေ့မှာ ဒူးထောက်ခစားခြင်းကိုတော့ ငါလျစ်လျှုရှုပါရစေကွာ...

Thursday, July 27, 2006

ကလေးတစ်ယောက်၏ တောင့်တခြင်း

ခင်ဗျားတို့ကို အဖြစ်အပျက်တစ်ခု ပြောပြမယ်… အဖြစ်အပျက်လို့ ဘာကြောင့်သုံးလဲဆိုရင် ပုံပြင်တစ်ခုမဟုတ်လို့ပါ.. ဒီအကြောင်းကိုသိလိုက်ရတော့ စိတ်မကောင်းဖြစ်မိတယ်…

တခါက လူတစ်ယောက်မှာ ငါးနှစ်အရွယ် သားလေးတစ်ယောက်ရှိတယ်… တစ်နေ့သူရုံးကနေ ပင်ပန်းနွမ်းနယ်စွာ အိမ်ပြန်တော့ အိမ်ပြန်နောက်ကျတဲ့သူ့ကို တခါးဝမှာမျှော်နေတဲ့ သားလေးကို တွေလိုက်ပါတယ်…

“ဖေဖေ သားတစ်ခုလောက် မေးချင်တယ်”
“မေးလေ… သား ဘာဖြစ်လို့လဲ..”
“ဖေဖေ အလုပ်လုပ်တာ တစ်နာရီ ဘယ်လောက်ရလဲဟင်”
“ဒါ သားနဲ့ ဘာဆိုင်လို့လဲ.. ဘာလို့သားက သိချင်ရတာလဲ”
“သိချင်လို့ပါ ဖေဖေရ၊ သားကိုပြောပြပါနော်”
“ဟုတ်ပါပြီဗျာ… အင်း.. တစ်နာရီကို… $10 လောက် ရတယ်သားရဲ့”

“ဟင်…” လို့ပြောပြီး သားလေးဟာ ခေါင်းငိုက်စိုက်ကြသွားတယ်…

ခဏအကြာမှာ သူ့အဖေကို ခေါင်းလေးမော့ပြီး
“ဖေဖေ… ဒါဆို သားကို $5 လောက်ပေးပါလားဟင်..”

သူ့အဖေဟာ အတန်ငယ် ဒေါသထွက်သွားတယ်…
“ဩ… ဘာမဟုတ်တဲ့ အရုပ်တစ်ခုလိုချင်တာနဲ့ မင်းက ဒီစကားမျိုးတွေတောင် မေးတတ်နေပြီပေါ့လေ… ဖအေကတော့ ပိုက်ဆံရှာရတာ သေတော့မယ်၊ တောက်… သွားစမ်းကွာ… ခုချက်ချင်း အခန်းထဲဝင်၊ အိပ်တော့..”

ဒါနဲ့ပဲ ကလေးငယ်ဟာ အခန်းထဲပြေးဝင်ပြီး တခါးကို ပိတ်လိုက်ပါတယ်…
သူ့အဖေဟာလဲ ဘာ့ကြောင့် သားငယ်ဟာ ဒီလိုမေးရတာလဲဆိုပြီး စဉ်းစားကြည့်တယ်….
“အင်းလေ… သူတကယ့်ကို တစ်ခုခု ၀ယ်ချင်လို့နေမှာပါ… ဒီလို တစ်ခါမှ မတောင်းဖူး ပါဘူး…”

ဒါနဲ့ သားငယ်ရဲ့ အခန်းရှေ့ရပ်ပြီး တခါးကို အသာဖွင့်လျှက်…
“သားလေး အိပ်ပြီလားကွ”
“ဟင့်အင်း ဖေဖေ… သားအိပ်မပျော်သေးပါဘူး”
“သားကို ဖေဖေ ခုဏက ဆူလိုက်တာ သားလေးစိတ်မကောင်း ဖြစ်သွားလား၊ ရော့.. ဒါသားလိုချင်တဲ့ ငွေ”
“ကျေးဇူးတင်ပါတယ် ဖေဖေ…” သားငယ်ရဲ့အသံဟာ ငိုသံအနည်းငယ်နဲ့ တုန်ရင်နေပါတယ်…

ကလေးငယ်ဟာ သူ့အဖေဆီက ငွေကိုယူပြီး ခေါင်းဦးအောက်မှာ သူစုထားတဲ့ ငွေတွေကိုပါ ယူလိုက်ပါတယ်…
ဒါကိုမြင်လိုက်တဲ့ ဖခင်ဟာ အနည်းငယ် ဒေါသပြန်ဖြစ်လာပြီး
“မင်းမှာ ပိုက်ဆံရှိရဲ့သားနဲ့ ဘာလို့ထပ်တောင်းရတာလဲကွ”
“သားမှာရှိတာနဲ့ မလောက်လို့ပါ… ခုတော့လောက်သွားပြီ…”
သားငယ်ဟာ ဖခင်ကိုသေချာကြည့်ပြီး… “ဖေဖေ… ဖေဖေ့ရဲ့အလုပ်ချိန်ထဲက တစ်နာရီလောက် သားကိုရောင်းပါလားဟင်… မနက်ဖြန်ကြရင် စောစောပြန်ခဲ့ပါလားဟင်… ဖေဖေနဲ့ ထမင်းလက်စုံစားချင်လို့ပါ ဖေဖေရယ်…”

ကျွန်တော်တို့ ခုအရွယ်ဆိုတာ အရင်တုံးက ကလေးဘ၀က စခဲ့တာပါ… ကလေးဘ၀ရော ခုလူကြီးဘ၀မှာပါ ထာဝရလေးစား ချစ်ခင်တဲ့သူကတော့ မိဘဆိုတာပါပဲ… တခါတရံ မိဘတွေက သားသမီးကို ချစ်တယ်ဆိုပေမဲ့ သားသမီးဘာလိုချင်တယ်ဆိုတာ သတိမထားမိ ဖြစ်တတ်ပါတယ်…

ဒီစာရိုက်နေရင်းက ကျွန်တော့်မျက်ဝန်းတွေ စိုစွပ်လာတယ်…
ကျွန်တော် ဖေဖေနဲ့ မေမေ့ကို သိပ်လွမ်းတယ်…

Tuesday, July 25, 2006

ဝန်ခံခြင်း


ကမ္ဘာပေါ်မှာ မင်းကိုတန်ဖိုးထား ချစ်မြတ်နိုးတဲ့ယောက်ကျားယောက် ရှိနေတယ်ဆိုတာကိုတော့ မင်းအမြဲတမ်း ဂုဏ်ယူနေနိုင်ပါတယ် ကောင်မလေးရယ်...

Saturday, July 22, 2006

အဲဒီညက


ကောင်မလေးရေ...
ပင်ပန်းစွာတကိုယ်တည်း လျှောက်လှမ်းနေတဲ့ ငါ့ခြေထောက်တွေကိုအနားပေးရင်း
ကမ္ဘာမြေကြီးကို ကြောပေးလျှက် ကောင်းကင်ကိုကြည့်နေမိတယ်...
ဩော်... ဒီညဟာ သာယာငြိမ်းချမ်းစွာ တည်ရှိနေပါလား...
အဲဒီအချိန်မှာဘဲ ကြည်လင်တဲ့မင်းပုံရိပ်ဟာ ကောင်းကင်မှာ တစတစ ထင်ရှားလာတယ်
အလို... ကြယ်တွေဟာ မင်းမျက်နှာပုံရိပ်ထဲ တိုးဝင်နေကြပါလား...

ကောင်မလေးရေ...
မင်းငါ့ကို ငုံကြည့်နေတယ်နော်…
တကယ့်ကို ချစ်စရာကောင်းပြီး မထင်မှတ်စွာ စွဲမက်ချင်စရာကောင်းတဲ့ မင်းရဲ့အပြုံးလေးပါလား …
ဟုတ်တာပေါ့… ငါအမြဲ စွဲလမ်းတမ်းတနေတဲ့ မင်းရဲ့နူးညံ့ချိုသာတဲ့ အပြုံးလေးပါပဲ…

ကောင်မလေးရေ...
မင်းငါ့ကို ပြောတယ်နော်… “ရှင့်မျက်လုံးတွေပိတ်လိုက်ပါ.. ရှင်အခုဘာမြင်နေရလဲပြော” တဲ့
အင်း… ငါ့မျက်လုံးတွေမှိတ်လိုက်ပြီ… ထူဆန်းတယ်ကွာ…
ငါ့အာရုဏ်ထဲမှာ လူနှစ်ယောက်မြင်နေရတယ်…
မင်းနဲ့ငါပေါ့ ကောင်မလေးရယ်….

ကောင်မလေးရေ...
ငါတို့နှစ်ယောက် ကမ်းခြေတလျှောက် လမ်းလျှောက်ကြတယ်ကွ
ရေတွေစိုနေတဲ့ ခြေထောက်တွေနဲ့ ပြေးလွှားစော့ကစားနေကြတာ သိပ်ကိုကြည်နူဖွယ်ကောင်းတာပဲ…
ဒီအချိန်မှာပဲ ကောင်းကင်ဟာ ပန်းရောင်သန်းလာတယ်
နေမင်းကြီးဟာ ရေထဲနစ်ဝင်သွားတယ်…

ကောင်မလေးရေ...
ဒီညကို သဲသောင်ပြင်မှာပဲ တို့ကုန်ဆုံးကြမယ်
မင်းလက်ကလေးကို ဆုပ်ကိုင်ထားတဲ့အချိန်မှာပဲ
မင်းကလွဲရင် အရာအားလုံးကိုစွန့်လွှတ်ဖို့
ငါဟာ မိုက်မဲစွာဆုံးဖြတ်ခဲ့တယ်…

ကောင်မလေးရေ...
ငါဒီအကြောင်းကို ပြောပြဖို့ မျက်လုံးတွေဖွင့်လိုက်စဉ်မှာပဲ
မင်းပုံရိပ်ဟာ အမှောင်ထုထဲကို တိုးဝင်ပျောက်ကွယ်သွားတယ်…
ကြယ်တစ်စဉ်း လှပစွာကြွေကြလာတာကို မှင်သက်စွာကြည့်မိရင်း
(အဲဒီညက)
ငါဆုတောင်းဖို့မေ့သွားတယ်။ ။

အစားထိုးမရတဲ့အချစ်



Download Here!

အင်း.. ဒီသီချင်းလေးမဆိုးပါဘူး..
ပြောနေကြအတိုင်းပြောဦးမယ်… တိုက်ဆိုင်မှုရှိရင်လဲ မသိချင်ဟန်ဆောင်နေကြနော်
ဒီသီချင်းပို့ပေးတဲ့ ချစ်သူငယ်ချင်းမလေးကိုလဲ အထူးကျေးဇူးတင်ပါ၏။
ချစ်သူငယ်ချင်းမလေးဆိုလို့ အူမတိုနဲ့ဦးနော် ကောင်မလေး…
တိုတော့ဘာဖြစ်လဲလို့လဲ ရန်မတွေ့နဲ့နော် ကောင်မလေး… :P

Friday, July 21, 2006

လူရိုးကြီးတဲ့လား




Download Here!

ဟီးဟီးဟီး.. အဲဒါကျုပ်မဟုတ်ဘူးနော်
တိုက်ဆိုင်မှုရှိရင်လဲ မသိချင်ဟန်ဆောင်နေကြနော်.. ခင်ဗျားကိုပြောတာဟီး..
ကျုပ်ကအဲဒီလောက် အဖြစ်မဆိုးသေးဘူး

Thursday, July 20, 2006

သို့.. ဘုရားသခင်

သီချင်းသံတွေရပ်သွားပြီး
စကားလုံးတွေ ကုန်ဆုံးသွားတဲ့နောက်မှာ
နေမင်းက ကောင်းကင်မှ မှေးမှိန်ပျောက်ကွယ်
ကမ္ဘာကြီးဟာ ငိုက်မြည်းပြီး အိပ်စက်ဖို့ပြင်ဆင်နေတယ်....

ဒီအချိန်ခဏလေးရခိုက်မှာ
ကောင်းကင်ပေါ် (ငါ)ခဏတက်ပြီး
ကျုပ်ရင်ခုန်နှုန်းတွေ သူမ သိစေဖို့
ဘုရားသခင်ကို တီးတိုးသွားပြောမယ်။

Sunday, July 16, 2006

သင်ဤသို့ စမ်းသပ်ဖူးပါသလား ?



တကယ်ကို တည်ထွင်မှုစိတ်ကူးဥာဏ်ကောင်းသော Japan များဖြစ်ပါသည်။

သင်ဤသို့ စမ်းသပ်ဖူးပါသလား ? စမ်းသပ်မည်ဆိုလျှင် မိဘများမရှိစေရန် ကြိုတင်သတိပြုပါ။ အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ ပစ္စည်းများကို နေရာတကျ ပြန်လည် သိမ်းဆည်းသင့်ပါသည်။ :)


မြန်မာ Blog ရေးသူများ


ကျွန်တော် Blog ရေးတာ သိပ်မကြာလှသေးပါ.. တစ်ယောက်တည်းနေရတာ အလွန်ပျင်းရိဖွယ် ကောင်းလှပါတယ်.. တစ်စုံတရာသော ခံစားချက် အကြောင်းအရာကို တစ်စုံတစ်ယောက်ကို ရင်ဖွင့်လိုခြင်းသည် တကိုယ်တည်းနေထိုင်လေ့မရှိသည့် လူတို့၏ သဘာဝပင် ဖြစ်ပါသည်။ ထို့ကြောင့် စာရေးဖြစ်ပါသည်။ မြန်မာစာ စာလုံးပေါင်း မကျွမ်းကျင်သည့် အပြင် စာရိုက်လည်း မကျွမ်းကျင်သော ကျုပ်အဖို့ Blog ရေးသောအလုပ်သည် အမှန်တကယ် ပင်ပန်းပါသည်။ မှားတာသိပါသည်။ မှန်တာမသိ၍ ဆက်လက်မှားပေဦးမည်။ ခွင့်လွှတ်ရန်မလိုပါ။ အသိပေးခြင်းဖြစ်ပါသည်။ စာရေးဆရာ မဟုတ်ပါ။ ရေးချင်တာရေးခြင်း ဖြစ်ပါသည်။ မတိုက်ဆိုင်အောင်ရေးပါမည်။ တိုက်ဆိုင်မှု ရှိကောင်းရှိနိုင်ပါသည်။

Blog ဖတ်ခြင်းသည် ဗဟုသုတကို တိုးစေပါသည်။ ဖတ်ဖူးသမျှ မြန်မာ Blog များထဲတွင် စာရေးကောင်သူ Blogger တစ်ဦးနှင့် မိတ်ဆက်ပေးလိုပါသည်။ ညီလင်းဆက် ဟု သိရပါသည်။ ကောင်းသည်ဟု သတ်မှတ်ခြင်းသည် ကျွန်ုပ်၏ ကိုယ်ပိုင် စိတ်တိုင်းကျမှု ဖြစ်ပါသည်။ သင်၏ စိတ်ခံစားမှုသည်လည်း အမျိုးမျိုးဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ ထိုသူ၏ Blog Site ထဲတွင် အခြား မြန်မာ Blog ရေးသူများကို သွားရောက် ဖက်ရှုနိုင်ပါသည်။

Link ကို Click လုပ်ဖြင်းဖြင့် ညီလင်းဆက်၏ Blog ကို သွားရောက် ဖက်ရှုနိုင်ပါသည်။

Wednesday, July 12, 2006

ကျွန်တော်မဖြေနိုင်သော ကျွန်ုပ်၏မေးခွန်း


ငါ့ကိုယ်ငါတောင် နားမလည်နိုင်တဲ့ ငါ့ရဲ့ချစ်ခြင်းတွေကို သူမကိုရှင်းမပြနိုင်ခဲ့တာ ငါ့ရဲ့မိုက်မဲမှုတစ်ခုလား..
အချစ်ဆိုတဲ့ စိတ်ခံစားချက်တစ်ခုလေးကြောင့် ငါဟာ ရင်နင့်အောင် ခံစားသင့်ပါသလား..
သူမ၏သံသယကို မဖြေဖျောက်နိုင်ခဲ့တာနဲ့ဘဲ ငါဟာ အမှားကို ကြူးလွန်သူတဲ့လား..
..............................................................................
............................................................
.........................................
.......................
..........

Tuesday, July 11, 2006

အောင်မြင်သောလူနှင့်မျက်နှာဖုံး


ကိုအော်ပီကျယ် ရေးဆွဲခဲ့တာပါ..
မယုံမရှိနဲ့။ အဲဒီလိုလူတွေပဲ အောင်မြင်တာ..





for more cartoon : www.modins.net

Friday, July 07, 2006

ကောင်မလေးနှင့် သူမ၏ညစာ


နိုင်ငံတစ်ခုစီတိုင်းမှာ သူတို့ရဲ့ ရိုးရာထုံးတမ်း အစဉ်အလာတွေအရ အနေအထိုင် အပြောအဆို အစားအသောက် အပါအ၀င် စားသောက်သည့်ပုံစံချင်းလည်း မတူကြပါဘူး.. အနောက်တိုင်းလူမျိုးတွေက ဇွန်း၊ခက်ရင်းနဲ့ စားကြပြီး မြန်မာ၊ အိန္ဒိယ အပါအ၀င် အာရှတ၀ှိုက်က လက်ဖြင့် စားလေ့ရှိပါတယ်။ ထူးခြားတာက တရုတ်အပါအ၀င် တရုတ်မျိုးနွယ်ဝင် ကိုရီးယား၊ဂျပန် တွေကတော့ “တူ” ဟု မြန်မာလိုခေါ်လေ့ရှိသော ၀ါးဖြင့်ပြုလုပ်လေ့ရှိသည့် တုတ်နှစ်ချောင်းဖြင့် စားလေ့ရှိပါ၏။

ကြုံတုံးပြောဦးမယ်.. ကျုပ်တို့မြန်မာပြည်ဆိုတာတည်ထောင်စဉ်ကတည်းက မိုးနဲဒေသ အလယ်ပိုင်းကစပြီး တိုင်ပြည်တခုရယ်လို့ ဖြစ်လာတော့ ရေနဲနဲရှားတယ်.. အဲဒီတော့ အ၀ှာစွန့်ပြီး ကိစ္စ၀ိစ္စပြီးရင် တုတ်နဲ့ Clean လုပ်ပါသတဲ့.. ရှေးမြန်မာများ ညစ်ပတ်သည်ဟု မထင်စေချင်ပါ.. သူတို့လဲ သူ့နည်းသူ့ဟန်ဖြင့် သန့်ရှင်းအောင် အဖြေရှာခဲ့ကြခြင်းသည်သာ..

ထားပါတော့(ဒါလဲသူသုံးနေကြစကားတစ်ခုပါ)၊ တရုပ်ပြည်၏ မည်သည့်မင်းဆက်မှ စတင်၍ “တူ” ကိုသုံးစွဲခဲ့ပါသနည်း? ဘာကြောင့် အစားတလုပ်စားရဖို့အရေး ဒီတုပ်တွေနဲ့ ခဲရာခဲစစ် စားသောက်ကြပါသနည်း..? Wikipedia တွင်ရှာကြည့်ပါသေးသည်၊ ခိုင်လုံသော အထောက်အထား မတွေ့ရပါ။ ဒီကသတ္တ၀ါတွေ နေ့စဉ် “တူ” နဲ့စားတာကြည့်ပြီး ငယ်ငယ်က မည်သူပြောပြခဲ့သည်မသိသော ပုံပြင်တစ်ပုဒ်ကို သတိရမိပါ၏။

ဒီလိုဗျ... ကျုပ်တို့ ရှေးမြန်မာရာဇ၀န်မှာ “ငတက်ဖြား” ဆိုတဲ့သူခိုးကြီးဟာ အခြားသောသူခိုးများနှင့်မတူဘဲ သူမတူအောင် ကျွမ်းကျင်ပါသတဲ့.. ဒါနဲ့ဘဲ ခိုးလွန်းလို့ မြန်မာရှင်ဘုရင်ကြီးရဲ့ ရွှေနားတော်ထိရောက်အောင် တိုင်တန်းမှုများ ရှိလာပါလေရော... ထုံးစံအတိုင်းပေါ့၊ ဘုရင်ကြီးကိုတိုင်တော့ သူခိုးဘယ်ဖမ်းပါ့မလဲ (သူခိုးမပြောနဲ့ ခြင်တောင်မိအောင်ဖမ်းဘူးတာမဟုတ်ဘူး၊ သူများကခြင်မကိုက်အောင် ဘေးက ယက်ခတ်ပေးရတာ)

“မင်းကြီးများ”

“ဘုရား”

“အမိန့်တောမှတ်မယ် နာခံစေဗျား.. ယ္ခုတလောတွင်း “ငတက်ဖြား” အမည်ရ သခိုးကြီးဟာ ငါကိုတော် အုပ်ချုပ်စဉ်ကာလ၌ တိုင်းသူပြည်သားတို့၏ အိုးအိမ်စည်းစိမ်ကို ခိုးဆိုးသောင်းကြမ်းနေသည်ဟု ငါကိုယ်တော် ကြားသိရတော်မူသည်။ ယ္ခုချိန်မှစ၍ ငါ၏ရှေ့တော်သို့ရောက်အောင် အမြန်ဆုံး ဖမ်းစည်းခေါ်ဆောင်လာရမည်။ အမိန်တော်....”

“အမိန့်တော်မြတ် အတိုင်းပါဘုရား”

ဟီး.. အဲဒီလို ပြောမယ်ထင်တာပဲ.. :) ရမ်းတုပ်ကြည့်တာ.. ကဲကဲ..ရှေ့ဆက်စို့.. ဒါနဲ့ပဲ ဘူးသီးပတ်.. အဲယောင်လို့ မှူးကြီးမတ်ရာတို့လဲ ဆင့်ကဲအမိန့်တော်တွေ နေရာအနှံ့ ဖြန့်ထုတ်ရတယ်ပေါ့ဗျာ.. ခုခေတ်လို email တွေ gtalk တွေမှမရှိဘဲ.. လူကိုယ်တိုင်ပဲ သွားကြပြောကြပေါ့... ဒီလိုနဲ့ သူခိုးကြီးကို ထောင်ချောက်ဆင်ပြီး ဖမ်းကြတာ အင်မတန်တော်ပါတယ်ဆိုတဲ့ သူခိုးကြီးလဲ ခိုးပဲခိုးတတ်ပြီး မပြေးတတ်တော့ မိသွားတယ်ဆိုပဲ.. ပြီးတော့ ရှင်ဘုရင်ကြီးရှေ့တော်မှောက် ဖမ်းစည်းပြီး ခစားစေသတဲ့..

“ဟေ့... ငါကိုယ်တော်၏ ရှေ့တော်မှောက့် ခေါင်းငုံခစားနေတာ ဘယ်သူလဲကွယ့်..”

သူပဲ သူခိုးဖမ်းဆိုလို့ ဖမ်းခေါ်လာတာ မြင်ရဲ့သားနဲ့ မေးနေရသေးတယ်.. ဪ.. ရှင်ဘုရင်ပေပဲ.. နဲနဲတော့ ပဲများပေမပေါ့..

“မှန်လှပါဘုရား.. ကျွန်တော်မျိုးကြီး ငမိုက်သား သူခိုးကြီး ငတက်ဖြား ပါဘုရား..”

အောင်မာ.. သူခိုးက နုသေးတယ်.. ဓမြရုပ်နဲ့ အခြောက်လုပ်ချင်သေးတယ်... ကြုံတုံးတွယ်ကြည့်တာ... အလျှောက်ကောင်းရင် အထောင်းလွတ်တယ်ဆိုတဲ့ စကားပုံကြားဖူးထားပုံရသော သူခိုးကြီးကဘဲ ဆက်ပြီး...

“မှန်ရာကို တင်ပါသည် ဘုရား.. မလိမ္မာ အခါတရာမိုက်လေးမို့ ခွင့်လွှတ်တော်မူပါဘုရား... အရှင်မင်းကြီး အမျက်တော်ရှ၍ သတ်ရင်လဲ သေရမည့်သူပါဘုရား.. သနားသဖြင့် အသက်ချမ်းသာခွင့်ပေးမှ ရှင်ရမည့်သူပါဘုရား.. အရှင်မင်းကြီးလက်ခုပ်တော်မှ ရှူရှူးလိုပါပဲဘုရား.. ရှူလိုကရှူ.. သောက်လိုက သောက်..” အဲ အဲ.. ဖောတာ လွန်ကုန်ပြီ...

တကယ်တမ်းကြတော့ ဘုရင်ကြီးဟာ သူအုပ်စိုးစဉ်ကာလတွင်း အလွန်ကြီးမားသော အပစ်မှလွဲ၍ “သတ်စေ” ဟူသော အမိန့်ကို တတ်နိုင်သလောက် မသုံးချင်တဲ့ သူတစ်ဦးဖြစ်သတဲ့.. ဒါ့အပြင် ဘာသာတရားကို အလွန်ကြည်ညိုပြီး မြတ်စွာဘုရားရှင်ကို ကိုယ်တိုင်မဖူးရလို့ ဓတ်တော်မွေတော်တို့ကိုဘဲ ဘုရားရှင် သက်ရှိထင်ရှား ရှိသကဲ့သို့ ရည်မှန်းပြီး အလွန်ကြည်ညိုလေးစားသူ တစ်ယောက်ဖြစ်သတဲ့... အဲ.. ဒါ့အပြင် တရုတ်ပြည်ကလာတဲ့ သံတမန် သတင်းတော်အရ တရုတ်နိုင်ငံမှာ မြတ်စွာဘုရားရှင်၏ ဓတ်တော်မွေတော်ဖြစ်သော စွယ်တော်မြတ်တစ်ဆူ ရှိတယ်ဆိုတာကို သိထားလေရဲ့… ဒါနဲ့ပဲ…

“ကဲကဲရှိစေတော့ မောင်မင်းငတက်ဖြား၊ သို့သော်လည်း သင်သည် ခိုးသည့်အတတ်ပညာတွင် အလွန်ကျွမ်းကျင်သည်ဟု ကျုပ်သိရှိရတော်မူသည်။ သင်၏ ခိုးသောအမှုတို့ ပြေပျောက်စေခြင်းငှာ တရုပ်ပြည်တွင် ရှိသည့် မြတ်စွာဘုရားရှင်၏ ဓတ်တော်မွေတော်ဖြစ်သော စွယ်တော်မြတ်ကို သင်၏ပညာဖြင့် ငါ၏ ဘုရားကျောင်းဆောင်တော်သို့ ပင့်ဆောင်တောင် မူလာရမည်” ဟု စိတ်ထဲရှိရာ အမိန့်တော်ကို မှတ်လိုက်ပါလေသတဲ့…

ငတက်ဖြားကြီးခမျာလည်း တသက်နှင့်တကိုယ် တစ်ခါမှ တရုတ်ပြည်ရောက်ဖူးတာ မဟုတ်။ ဒါပေမယ့်… ဒါပေမယ့်ပေါ့လေ…. ငတက်ဖြားဆိုတာကလည်း နာမည်တလုံးနဲ့ နေတာမဟုတ်လား.. သူခိုးတို့မည်သည် ရအောင်ခိုးနိုင်ရမည်ဟူသော မလျှော့သော ဇွဲ၊လုံးလတို့နှင့် တရုတ် သိုင်းဝတ္တုထဲကအတိုင်း မည်သို့မည်ပုံ ပြုလိုက်သည်မသိ.. တရုတ်ဘုရင်ကြီး၏ နန်းဆောင်ထဲကို ရောက်သွားတယ်ဆိုပဲ.. တရုတ်ဘုရင်ကြီး တရုတ်အရက်တွေ သောက်ပြီး အိပ်မောကြနေချိန်မှာ ငတက်ဖြားကြီးဟာ စွယ်တော်မြတ်ကို ခိုးယူပင့်ဆောင်နိုင်ခဲ့ပါသတဲ့.. ဒါနဲ့ ပြန်မယ်အလုပ်မှာ သွားလေးနှစ်ချောင်း ရှေ့ကိုအတန်ငယ် ခေါနေပြီး တခေါခေါနဲ့ အိပ်မောကျနေတဲ့ ဘုရင်ကြီးကို ကျီဆယ်လိုတာနဲ့ ပါလာတဲ့ ကွန်းအစ်ထဲက ထုံးတစ်တို့ယူပြီး ဘုရင်ကြီးရဲ့နှဖူးမှာ သူ ခိုးယူသွားမှန်း သိအောင် “ငတက်ဖြား” လို့ ရေးခဲ့ပါလေရော.. တော်တော်နောက်တဲ့ကောင်.. ဟီး.. ကျုပ်လိုပဲ..

နောက်တနေ့ တရုတ်ဘုရင်ကြီး ညီလာခံကျင်းပတော့ ဒီလောက်စစ်တပ်တွေ အထပ်ထပ် စောင့်ကြပ် ထားတဲ့ကြားက သူကိုးကွယ်ရာ စွယ်တော်မြတ်ကို ခိုးယူခံရတဲ့အပြင် နှဖူးမှာပါ စာရေးခံရတော့ တော်တော့ကို ဒေါသ တွက်နေလေရဲ့…

“၀ သိစိတ်စိုးလယ်.. ၀ ပစ်စီးကိုလည်းခူးလယ်.. ၀ကိုလည်း စူစူကားကား နှီဖူးမှာ စာရီးလယ်.. ၀လို့ စီလုပ်တွေ တီလောက် ညံ့ရလား.. တီနေ့ကစပီး မြီမာတွီ ချီးကူးလဲ့တုတ်နဲ့ပီး ထီမင်းစားကြလော့” ဆိုပြီး အလွန်ပြင်ထန်တဲ့ အမိန့်ကို ချလိုက်ပါလေရော…

အဲဒီအချိန်ကစပြီး တရုတ်တွေ “တူ” နဲ့စားတဲ့ အလေ့အထ ဖြစ်လာပါသတဲ့ကွယ်.. ပုံပြင်လေးကတော့ ဒါပါပဲ.. မောင်ညီမလေးတို့ တတွေလဲ “တူ” နဲ့စားသောက်တိုင်း ဒီပုံပြင်လေးကို အမှတ်ရကြပါကွယ်….

ဪ.. ဒါနဲ့ ကျွန်တော့ကောင်မလေးရဲ့ ညစာကိုရော သူမဘယ်လိုစားသုံးနေပါသလဲ…?
“တူ” နဲ့မစားဖြစ်ပါစေနဲ့လို့ ဆုတောင်းမိပါ၏။ ။

Tuesday, July 04, 2006

သတိရခြင်း


ဒီနေ့ နေမကောင်းပါ.. ကိုယ်တွေပူပြီး ဖျားပါလေရော.. ဒါနဲ့ပဲ ဆေးခွင့်ယူလိုက်ရတယ်..
ဘာရယ်မဟုတ်ပဲ ဘိုးတော်စိုင်းစိုင်း(စိုင်းစိုင်းခမ်းလှိုင်မဟုတ်ပါ၊ စိုင်းထီးစိုင်ကို ဆိုလိုပါသည်) ရဲ့ သီချင်းတစ်ပုဒ် ကို အကြိမ်ကြိမ်နားထောင်မိတယ်… ကောင်မလေးရေ… ငါမင်းကိုသိပ်သတိရတယ်ကွာ..

လမင်းငယ်နဲ့ စမ်းချောင်းလေးတစ်ခုရဲ့ ဘ၀လိုပါပဲ… စမ်းချောင်းလေးဟာ သူ့ဟာသူသာနေတဲ့ လမင်းကိုကြည့်ပြီး ရင်ခုန်စွာစီးဆင်းနေလေရဲ့… တစ်ကယ်တော့ လမင်းနဲ့ စမ်းချောင်းလေးတို့ဟာ မိုင်ထောင်ပေါင်းများစွာ အလွန်ကို ဝေးကွာတဲ့နေရာက တစ်ယောက် သဘာဝတစ်မျိုးစီနဲ့ နေကြတာပါ။ ဒါပေမယ့် မိုးကုတ်စက်ဝိုင်းအစွန်းရဲ့တစ်နေရာမှာတော့ ဆုံတွေ့မှာဘဲလို့ ယုံကြည်နေတဲ့ စမ်းချောင်းလေးဟာ ဆက်လက်ပြီး စီးဆင်းဆဲ စီးဆင်းလို့နေပါတော့တယ်… တကယ်တမ်းကြတော့ လမင်းငယ်လေးဟာ သိတောင်မသိရှာပါဘူး…. အေးချမ်းစွာ ဖြာကျနေတဲ့ လရောင်ပေါ်မှာ သာရာမိတဲ့ စမ်းချောင်းလေးကတော့ စီးဆင်းဆဲ စီးဆင်းလို့နေပါရဲ့….

ကောင်မလေးရေ …. နားထောင်ကြည့်ပါဦး မြစ်ရေစီးသံလို ငါ့ရင်ခုန်သံတွေလေ…..

Sunday, July 02, 2006

သူတို့ပြောသော သူတို့အမြင် (သို့) ကျွန်တော့အကြောင်း


လူတစ်ယောက်နဲ့တစ်ယောက်ဆိုတာတော့ အမြင်ချင်း မတူကြဘူးပေါ့.. တစ်ယောက်က အကောင်းမြင်ပေမယ့် အခြားတစ်ယောက်အမြင်မှာ ကောင်းတယ်လို့ ထင်ချင်မှထင်မှာ.. ကိုက ကောင်းရာကောင်းကြောင်း လုပ်သည့်တိုင်အောင် တဘက်လူက အမြင်စောင်းချင်စောင်းမှာပေါ့… ဒါကတော့လူ့သဘာဝပဲ. လူ့ပတ်ဝန်းကျင်မှာ လူဖြစ်လာမှတော့ လူတွေရဲ့ ကဲ့ရဲ့ခြင်း သို့မဟုတ် ချီးကျူးခြင်းကို ခံရမှာပဲ…….

ကဲ.. ခုပဲကြည့်… ကိုယ့်ဟာကို အချစ်အကြောင်းလေးခံစားသမျှ ရေးမိတာနဲ့ “မင်းက တိတ်တိတ်လေး ရည်းစားထားချင်တော့ ငါတို့ဆီ လာတောင် မလာနိုင်ဘူးပေါ့လေ” ဆိုပြီး မရောက်တာကြာပြီဖြစ်တဲ့ သူငယ်ချင်းတစ်စုက ဆွန်းကြီးလောင်းကြလေရဲ့… သတိရလို့ပြောရဦးမယ်… အဲဒီထဲက သူငယ်ချင်း တစ်ယောက်က ပြောတယ်.. “ကိုရဲက တော်တော် အကောင်းမြင်တတ်တယ်… ကိုယ့်ကိုယ်ကို..” တဲ့.. ထားပါတော့ သူ့အမြငိ သူ့အထင်ပဲ….

ခင်မင်ရင်းနှီးသူတိုင်းကို ခဏခဏစနောက်လွန်းလို့ သူငယ်ချင်းမိန်းကလေးတစ်ယောက်က “နင်ဟာလေ အလျားမရှိ အနံမရှိ သေမဲ့ကောင်” လို့ ကြိမ်ဆဲတာ မကြာခဏခံရတယ်.. အလျားမရှိ အနံမရှိ ဘယ်လို သေမှာတုန်းဟ…

ဟိုတနေ့ကပဲ သူငယ်ချင်းက ကိုရဲဖြစ်လိုက် ကိုမောင်ဖြစ်လိုက် Mr. Lonely ဖြစ်လိုက်နဲ့ nick name သိပ်များတာဘဲဟု မှတ်ချက်ပြုပြန်သကော.. ဒီကိစ္စက ဒီလိုရှိပါ၏။ ကိုရဲဆိုတာက ရန်ကုန်မှာတုန်းက သိပ်မခေါ်ကြပါဘူး… ဟိုမှာကလဲ ကိုရဲသိပ်များသကိုး… အမြည်ရင်းလောက်ပဲခေါ်ကြတာ.. ဒီကျမှ ဒီကသတ္တ၀ါတွေက ခေါ်ရခက်တယ်ဆိုလို့ English Name တော့မလိုချင်တာနဲ့ ကိုရဲဖြစ်သွားတာ.. (Mr. Ye` ပေါ့) ကိုမောင်ဆိုတာကကောတဲ့… အင်း.. ရှင်းရမှာ နဲနဲရှည်တယ်… အတိုချုံးဆိုရရင်.. ကျုပ်က ရခိုင်မျိုးနဲနဲစပ်တယ်(ရခိုင်စကားလုံးဝလုံးဝနားမလည်ပါ) ရခိုင်တွေက သားအကြီးကို မောင်မောင်လို့ ခေါ်တယ်၊ ငယ်သူတွေက ခေါ်ရင်း ကိုမောင်ဖြစ်သွားတယ်ဆိုပါတော့… တစ်ခါတစ်ခါ အလှူတွေဘာတွေလုပ်ရင် သိပ်ရယ်ရတာ.. “မောင်မောင်ရေ” လို့ခေါ်ရင် “ဗျာ” ဆိုတဲ့သံပြိုင်ထူးသံကြီးကထွက်လာရော.. ဓလေ့ဆိုတော့လဲ..

ကျုပ် Consultant နဲ့ ခင်တဲ့သူအချို့ကလည်း မောင်မောင်လို့ခေါ်ကြလေရဲ့ … Mr. Lonely ဆိုတာက AKON ရဲ့ Mr.LONELY သီချင်းနားထောင်ပြီး အနည်းငယ် Lonely ဖြစ်တာချင်းတူတာနဲ့ Gmail ရဲ့ Nick ကိုပြင်လိုက်တာပါ။ ဘာရယ်လို့မဟုတ်ပါဘူး… သူပြောနေကြစကားနဲ့ဆို Nothing Special ပေါ့ (ဟီး.. သတိရသွားလို့)

စံဇာဏီဘိုကတော့ ဤသို့မှတ်ချက်ပြု၏။ “ သိမ်မွေ့သောဟန်နှင့် တဇွတ်ထိုး လုပ်တတ်သော အသွင်အပြင် နှစ်မျိုးလုံးကို ပေါင်းစည်းထားသည်။ ပတ်ဝန်းကျင်ကို လွမ်းမိုးနိုင်သော သဘာဝစရိုက်ရှိ၏။ ဖိုသီဖတ်သီ နေတတ်သည်။ စကားပြောသောအခါများတွင် အငြင်းသန်ပြီး ကတ်သီးကတ်ဖဲ့ ပြောခြင်းပြုတတ်သည်။ သပါးသူနှင့်မတူသော ရှူ့ထောင့်မှ တွေးတတ်ပြောတတ်သည်။ ခေါင်းမာအရွဲ့တိုက်၍ လောကကြီးကို သရော်သောအသွင် အမြဲပေါ်နေတတ်သည်။ အတွင်းစိတ်နှလုံး အလွန်သိမ်မွေ့သည်။ ခံစားချက် ပြင်းထန်သည်။ အားနည်းသည့်ဘက်မှ ရပ်တည်သည်။ မှန်သည့်ဘက်မှ တိုက်ပွဲဝင်ရန် အမြဲတစေ အဆင်သင့်ဖြစ်နေတတ်သည်။ အေးချမ်းသိမ်မွေ့သော စိတ်ဓတ်နှင့် ရဲရင့်ပေးဆပ်သော နှလုံးသား၊ ကိုယ်ကျိုးစွန့် ဆောင်ရွက်တတ်သည့် စရိုက်၊ လွပ်လပ်မှုမြတ်နိုးသည့် သဘာဝများ ပိုင်ဆိုင်ထားသည်။ အခက်အခဲကြားမှ ရုန်းထွက်နိုင်သည့် စိတ်ဓတ်ရှိ၍ အနှောင့်အယှက် အတိုက်အခံများနှင့် ကြုံတွေ့လေ အရည်အသွေး ထက်မြက်လေ ဖြစ်သည် ”

ခင်ဗျား အမြင်ကလဲ တစ်မျိုးဖြစ်မှာပါ.. ဒီလိုပါပဲ.. တစ်ယောက်တစ်မျိုးစီ မြင်တော့.. တစ်ယောက်တစ်မျိုးစီ ပြောကြတာ ပေါ့…