Showing posts with label သို့... ကောင်မလေး. Show all posts
Showing posts with label သို့... ကောင်မလေး. Show all posts

Thursday, February 14, 2008

သို့...ကောင်မလေး

ငါမင်းနဲ့သာ မဆုံဖြစ်ခဲ့ဘူးဆိုရင်
ငါဟာ မင်းကို စိတ်ဝင်စားခဲ့မှာ မဟုတ်ပါဘူး...
ငါ မင်းကို စိတ်မဝင်စားခဲ့ဘူးဆိုရင်
ငါဟာ မင်းကို ချစ်မိခဲ့မှာ မဟုတ်ပါဘူး...
ငါ မင်းကို မချစ်ခဲ့ရင်
ငါဟာ မင်းကို လွမ်းရလိမ့်မှာ မဟုတ်ပါဘူး...
ဒါပေမဲ့... ဒါပေမဲ့ ကောင်မလေးရယ်...
ငါ မင်းကို စိတ်ဝင်စားခဲ့တယ်
ငါ မင်းကို သိပ်ချစ်တယ်
ဒီတော့ ငါ... (ငါ) မင်းကို ထာဝရ လွမ်းနေရဦးမှာပါလေ... ။ ။

Sunday, July 30, 2006

ကျွန်ုပ်၏ မိဖုရား

တကယ်တော့ ကျွန်တော်ဟာ သူမကို မိဖုရားအဖြစ် ရွေးချယ်ခဲ့တာဖြစ်ပြီး လက်တွေ့ဖြစ်လာသည်မှာတော့ သူမသည် ကျွန်တော်၏ ဘုရင်မဖြစ်ခဲ့ပါသည်။
ကျွန်ုပ်၏ သူမအပေါ် ချစ်မြတ်နိုးစွာ ပိုင်ဆိုင်လိုသော ရယူလိုမှုများသည် သူမအား စိတ်ချမ်းသာစေခြင်း ဟူသော ပေးစပ်မှုများသာ ဖြစ်လာခဲ့သည်။

ကျွန်ုပ်၏ တမ်းတခြင်းများကို သူမစိုးမိုးခဲ့လေပြီ...
ကျွန်ုပ်၏ သတိရခြင်းများကို သူမတစ်ဦးတည်းသာ ပိုင်ဆိုင်ခဲ့လေပြီ...
ကျွန်ုပ်၏ ချစ်မြတ်နိုးတတ်ခြင်းများတို့ကို သူမကသာ သိမ်းပိုက် ရယူခဲ့လေပြီ...
ကျွန်ုပ်၏ အိမ်မက်များတွင် သူမ အမြဲတစေ စိုးမိုးခဲ့လေပြီ...

ဒါပေမယ့် ကောင်မလေးရယ်...
ယောင်္ကျားတစ်ယောက်ရဲ့ လက်ကျန်မာနလေးနဲ့ မင်းရှေ့မှာ ဒူးထောက်ခစားခြင်းကိုတော့ ငါလျစ်လျှုရှုပါရစေကွာ...

Tuesday, July 25, 2006

ဝန်ခံခြင်း


ကမ္ဘာပေါ်မှာ မင်းကိုတန်ဖိုးထား ချစ်မြတ်နိုးတဲ့ယောက်ကျားယောက် ရှိနေတယ်ဆိုတာကိုတော့ မင်းအမြဲတမ်း ဂုဏ်ယူနေနိုင်ပါတယ် ကောင်မလေးရယ်...

Saturday, July 22, 2006

အဲဒီညက


ကောင်မလေးရေ...
ပင်ပန်းစွာတကိုယ်တည်း လျှောက်လှမ်းနေတဲ့ ငါ့ခြေထောက်တွေကိုအနားပေးရင်း
ကမ္ဘာမြေကြီးကို ကြောပေးလျှက် ကောင်းကင်ကိုကြည့်နေမိတယ်...
ဩော်... ဒီညဟာ သာယာငြိမ်းချမ်းစွာ တည်ရှိနေပါလား...
အဲဒီအချိန်မှာဘဲ ကြည်လင်တဲ့မင်းပုံရိပ်ဟာ ကောင်းကင်မှာ တစတစ ထင်ရှားလာတယ်
အလို... ကြယ်တွေဟာ မင်းမျက်နှာပုံရိပ်ထဲ တိုးဝင်နေကြပါလား...

ကောင်မလေးရေ...
မင်းငါ့ကို ငုံကြည့်နေတယ်နော်…
တကယ့်ကို ချစ်စရာကောင်းပြီး မထင်မှတ်စွာ စွဲမက်ချင်စရာကောင်းတဲ့ မင်းရဲ့အပြုံးလေးပါလား …
ဟုတ်တာပေါ့… ငါအမြဲ စွဲလမ်းတမ်းတနေတဲ့ မင်းရဲ့နူးညံ့ချိုသာတဲ့ အပြုံးလေးပါပဲ…

ကောင်မလေးရေ...
မင်းငါ့ကို ပြောတယ်နော်… “ရှင့်မျက်လုံးတွေပိတ်လိုက်ပါ.. ရှင်အခုဘာမြင်နေရလဲပြော” တဲ့
အင်း… ငါ့မျက်လုံးတွေမှိတ်လိုက်ပြီ… ထူဆန်းတယ်ကွာ…
ငါ့အာရုဏ်ထဲမှာ လူနှစ်ယောက်မြင်နေရတယ်…
မင်းနဲ့ငါပေါ့ ကောင်မလေးရယ်….

ကောင်မလေးရေ...
ငါတို့နှစ်ယောက် ကမ်းခြေတလျှောက် လမ်းလျှောက်ကြတယ်ကွ
ရေတွေစိုနေတဲ့ ခြေထောက်တွေနဲ့ ပြေးလွှားစော့ကစားနေကြတာ သိပ်ကိုကြည်နူဖွယ်ကောင်းတာပဲ…
ဒီအချိန်မှာပဲ ကောင်းကင်ဟာ ပန်းရောင်သန်းလာတယ်
နေမင်းကြီးဟာ ရေထဲနစ်ဝင်သွားတယ်…

ကောင်မလေးရေ...
ဒီညကို သဲသောင်ပြင်မှာပဲ တို့ကုန်ဆုံးကြမယ်
မင်းလက်ကလေးကို ဆုပ်ကိုင်ထားတဲ့အချိန်မှာပဲ
မင်းကလွဲရင် အရာအားလုံးကိုစွန့်လွှတ်ဖို့
ငါဟာ မိုက်မဲစွာဆုံးဖြတ်ခဲ့တယ်…

ကောင်မလေးရေ...
ငါဒီအကြောင်းကို ပြောပြဖို့ မျက်လုံးတွေဖွင့်လိုက်စဉ်မှာပဲ
မင်းပုံရိပ်ဟာ အမှောင်ထုထဲကို တိုးဝင်ပျောက်ကွယ်သွားတယ်…
ကြယ်တစ်စဉ်း လှပစွာကြွေကြလာတာကို မှင်သက်စွာကြည့်မိရင်း
(အဲဒီညက)
ငါဆုတောင်းဖို့မေ့သွားတယ်။ ။

အစားထိုးမရတဲ့အချစ်



Download Here!

အင်း.. ဒီသီချင်းလေးမဆိုးပါဘူး..
ပြောနေကြအတိုင်းပြောဦးမယ်… တိုက်ဆိုင်မှုရှိရင်လဲ မသိချင်ဟန်ဆောင်နေကြနော်
ဒီသီချင်းပို့ပေးတဲ့ ချစ်သူငယ်ချင်းမလေးကိုလဲ အထူးကျေးဇူးတင်ပါ၏။
ချစ်သူငယ်ချင်းမလေးဆိုလို့ အူမတိုနဲ့ဦးနော် ကောင်မလေး…
တိုတော့ဘာဖြစ်လဲလို့လဲ ရန်မတွေ့နဲ့နော် ကောင်မလေး… :P

Thursday, July 20, 2006

သို့.. ဘုရားသခင်

သီချင်းသံတွေရပ်သွားပြီး
စကားလုံးတွေ ကုန်ဆုံးသွားတဲ့နောက်မှာ
နေမင်းက ကောင်းကင်မှ မှေးမှိန်ပျောက်ကွယ်
ကမ္ဘာကြီးဟာ ငိုက်မြည်းပြီး အိပ်စက်ဖို့ပြင်ဆင်နေတယ်....

ဒီအချိန်ခဏလေးရခိုက်မှာ
ကောင်းကင်ပေါ် (ငါ)ခဏတက်ပြီး
ကျုပ်ရင်ခုန်နှုန်းတွေ သူမ သိစေဖို့
ဘုရားသခင်ကို တီးတိုးသွားပြောမယ်။

Wednesday, July 12, 2006

ကျွန်တော်မဖြေနိုင်သော ကျွန်ုပ်၏မေးခွန်း


ငါ့ကိုယ်ငါတောင် နားမလည်နိုင်တဲ့ ငါ့ရဲ့ချစ်ခြင်းတွေကို သူမကိုရှင်းမပြနိုင်ခဲ့တာ ငါ့ရဲ့မိုက်မဲမှုတစ်ခုလား..
အချစ်ဆိုတဲ့ စိတ်ခံစားချက်တစ်ခုလေးကြောင့် ငါဟာ ရင်နင့်အောင် ခံစားသင့်ပါသလား..
သူမ၏သံသယကို မဖြေဖျောက်နိုင်ခဲ့တာနဲ့ဘဲ ငါဟာ အမှားကို ကြူးလွန်သူတဲ့လား..
..............................................................................
............................................................
.........................................
.......................
..........

Friday, July 07, 2006

ကောင်မလေးနှင့် သူမ၏ညစာ


နိုင်ငံတစ်ခုစီတိုင်းမှာ သူတို့ရဲ့ ရိုးရာထုံးတမ်း အစဉ်အလာတွေအရ အနေအထိုင် အပြောအဆို အစားအသောက် အပါအ၀င် စားသောက်သည့်ပုံစံချင်းလည်း မတူကြပါဘူး.. အနောက်တိုင်းလူမျိုးတွေက ဇွန်း၊ခက်ရင်းနဲ့ စားကြပြီး မြန်မာ၊ အိန္ဒိယ အပါအ၀င် အာရှတ၀ှိုက်က လက်ဖြင့် စားလေ့ရှိပါတယ်။ ထူးခြားတာက တရုတ်အပါအ၀င် တရုတ်မျိုးနွယ်ဝင် ကိုရီးယား၊ဂျပန် တွေကတော့ “တူ” ဟု မြန်မာလိုခေါ်လေ့ရှိသော ၀ါးဖြင့်ပြုလုပ်လေ့ရှိသည့် တုတ်နှစ်ချောင်းဖြင့် စားလေ့ရှိပါ၏။

ကြုံတုံးပြောဦးမယ်.. ကျုပ်တို့မြန်မာပြည်ဆိုတာတည်ထောင်စဉ်ကတည်းက မိုးနဲဒေသ အလယ်ပိုင်းကစပြီး တိုင်ပြည်တခုရယ်လို့ ဖြစ်လာတော့ ရေနဲနဲရှားတယ်.. အဲဒီတော့ အ၀ှာစွန့်ပြီး ကိစ္စ၀ိစ္စပြီးရင် တုတ်နဲ့ Clean လုပ်ပါသတဲ့.. ရှေးမြန်မာများ ညစ်ပတ်သည်ဟု မထင်စေချင်ပါ.. သူတို့လဲ သူ့နည်းသူ့ဟန်ဖြင့် သန့်ရှင်းအောင် အဖြေရှာခဲ့ကြခြင်းသည်သာ..

ထားပါတော့(ဒါလဲသူသုံးနေကြစကားတစ်ခုပါ)၊ တရုပ်ပြည်၏ မည်သည့်မင်းဆက်မှ စတင်၍ “တူ” ကိုသုံးစွဲခဲ့ပါသနည်း? ဘာကြောင့် အစားတလုပ်စားရဖို့အရေး ဒီတုပ်တွေနဲ့ ခဲရာခဲစစ် စားသောက်ကြပါသနည်း..? Wikipedia တွင်ရှာကြည့်ပါသေးသည်၊ ခိုင်လုံသော အထောက်အထား မတွေ့ရပါ။ ဒီကသတ္တ၀ါတွေ နေ့စဉ် “တူ” နဲ့စားတာကြည့်ပြီး ငယ်ငယ်က မည်သူပြောပြခဲ့သည်မသိသော ပုံပြင်တစ်ပုဒ်ကို သတိရမိပါ၏။

ဒီလိုဗျ... ကျုပ်တို့ ရှေးမြန်မာရာဇ၀န်မှာ “ငတက်ဖြား” ဆိုတဲ့သူခိုးကြီးဟာ အခြားသောသူခိုးများနှင့်မတူဘဲ သူမတူအောင် ကျွမ်းကျင်ပါသတဲ့.. ဒါနဲ့ဘဲ ခိုးလွန်းလို့ မြန်မာရှင်ဘုရင်ကြီးရဲ့ ရွှေနားတော်ထိရောက်အောင် တိုင်တန်းမှုများ ရှိလာပါလေရော... ထုံးစံအတိုင်းပေါ့၊ ဘုရင်ကြီးကိုတိုင်တော့ သူခိုးဘယ်ဖမ်းပါ့မလဲ (သူခိုးမပြောနဲ့ ခြင်တောင်မိအောင်ဖမ်းဘူးတာမဟုတ်ဘူး၊ သူများကခြင်မကိုက်အောင် ဘေးက ယက်ခတ်ပေးရတာ)

“မင်းကြီးများ”

“ဘုရား”

“အမိန့်တောမှတ်မယ် နာခံစေဗျား.. ယ္ခုတလောတွင်း “ငတက်ဖြား” အမည်ရ သခိုးကြီးဟာ ငါကိုတော် အုပ်ချုပ်စဉ်ကာလ၌ တိုင်းသူပြည်သားတို့၏ အိုးအိမ်စည်းစိမ်ကို ခိုးဆိုးသောင်းကြမ်းနေသည်ဟု ငါကိုယ်တော် ကြားသိရတော်မူသည်။ ယ္ခုချိန်မှစ၍ ငါ၏ရှေ့တော်သို့ရောက်အောင် အမြန်ဆုံး ဖမ်းစည်းခေါ်ဆောင်လာရမည်။ အမိန်တော်....”

“အမိန့်တော်မြတ် အတိုင်းပါဘုရား”

ဟီး.. အဲဒီလို ပြောမယ်ထင်တာပဲ.. :) ရမ်းတုပ်ကြည့်တာ.. ကဲကဲ..ရှေ့ဆက်စို့.. ဒါနဲ့ပဲ ဘူးသီးပတ်.. အဲယောင်လို့ မှူးကြီးမတ်ရာတို့လဲ ဆင့်ကဲအမိန့်တော်တွေ နေရာအနှံ့ ဖြန့်ထုတ်ရတယ်ပေါ့ဗျာ.. ခုခေတ်လို email တွေ gtalk တွေမှမရှိဘဲ.. လူကိုယ်တိုင်ပဲ သွားကြပြောကြပေါ့... ဒီလိုနဲ့ သူခိုးကြီးကို ထောင်ချောက်ဆင်ပြီး ဖမ်းကြတာ အင်မတန်တော်ပါတယ်ဆိုတဲ့ သူခိုးကြီးလဲ ခိုးပဲခိုးတတ်ပြီး မပြေးတတ်တော့ မိသွားတယ်ဆိုပဲ.. ပြီးတော့ ရှင်ဘုရင်ကြီးရှေ့တော်မှောက် ဖမ်းစည်းပြီး ခစားစေသတဲ့..

“ဟေ့... ငါကိုယ်တော်၏ ရှေ့တော်မှောက့် ခေါင်းငုံခစားနေတာ ဘယ်သူလဲကွယ့်..”

သူပဲ သူခိုးဖမ်းဆိုလို့ ဖမ်းခေါ်လာတာ မြင်ရဲ့သားနဲ့ မေးနေရသေးတယ်.. ဪ.. ရှင်ဘုရင်ပေပဲ.. နဲနဲတော့ ပဲများပေမပေါ့..

“မှန်လှပါဘုရား.. ကျွန်တော်မျိုးကြီး ငမိုက်သား သူခိုးကြီး ငတက်ဖြား ပါဘုရား..”

အောင်မာ.. သူခိုးက နုသေးတယ်.. ဓမြရုပ်နဲ့ အခြောက်လုပ်ချင်သေးတယ်... ကြုံတုံးတွယ်ကြည့်တာ... အလျှောက်ကောင်းရင် အထောင်းလွတ်တယ်ဆိုတဲ့ စကားပုံကြားဖူးထားပုံရသော သူခိုးကြီးကဘဲ ဆက်ပြီး...

“မှန်ရာကို တင်ပါသည် ဘုရား.. မလိမ္မာ အခါတရာမိုက်လေးမို့ ခွင့်လွှတ်တော်မူပါဘုရား... အရှင်မင်းကြီး အမျက်တော်ရှ၍ သတ်ရင်လဲ သေရမည့်သူပါဘုရား.. သနားသဖြင့် အသက်ချမ်းသာခွင့်ပေးမှ ရှင်ရမည့်သူပါဘုရား.. အရှင်မင်းကြီးလက်ခုပ်တော်မှ ရှူရှူးလိုပါပဲဘုရား.. ရှူလိုကရှူ.. သောက်လိုက သောက်..” အဲ အဲ.. ဖောတာ လွန်ကုန်ပြီ...

တကယ်တမ်းကြတော့ ဘုရင်ကြီးဟာ သူအုပ်စိုးစဉ်ကာလတွင်း အလွန်ကြီးမားသော အပစ်မှလွဲ၍ “သတ်စေ” ဟူသော အမိန့်ကို တတ်နိုင်သလောက် မသုံးချင်တဲ့ သူတစ်ဦးဖြစ်သတဲ့.. ဒါ့အပြင် ဘာသာတရားကို အလွန်ကြည်ညိုပြီး မြတ်စွာဘုရားရှင်ကို ကိုယ်တိုင်မဖူးရလို့ ဓတ်တော်မွေတော်တို့ကိုဘဲ ဘုရားရှင် သက်ရှိထင်ရှား ရှိသကဲ့သို့ ရည်မှန်းပြီး အလွန်ကြည်ညိုလေးစားသူ တစ်ယောက်ဖြစ်သတဲ့... အဲ.. ဒါ့အပြင် တရုတ်ပြည်ကလာတဲ့ သံတမန် သတင်းတော်အရ တရုတ်နိုင်ငံမှာ မြတ်စွာဘုရားရှင်၏ ဓတ်တော်မွေတော်ဖြစ်သော စွယ်တော်မြတ်တစ်ဆူ ရှိတယ်ဆိုတာကို သိထားလေရဲ့… ဒါနဲ့ပဲ…

“ကဲကဲရှိစေတော့ မောင်မင်းငတက်ဖြား၊ သို့သော်လည်း သင်သည် ခိုးသည့်အတတ်ပညာတွင် အလွန်ကျွမ်းကျင်သည်ဟု ကျုပ်သိရှိရတော်မူသည်။ သင်၏ ခိုးသောအမှုတို့ ပြေပျောက်စေခြင်းငှာ တရုပ်ပြည်တွင် ရှိသည့် မြတ်စွာဘုရားရှင်၏ ဓတ်တော်မွေတော်ဖြစ်သော စွယ်တော်မြတ်ကို သင်၏ပညာဖြင့် ငါ၏ ဘုရားကျောင်းဆောင်တော်သို့ ပင့်ဆောင်တောင် မူလာရမည်” ဟု စိတ်ထဲရှိရာ အမိန့်တော်ကို မှတ်လိုက်ပါလေသတဲ့…

ငတက်ဖြားကြီးခမျာလည်း တသက်နှင့်တကိုယ် တစ်ခါမှ တရုတ်ပြည်ရောက်ဖူးတာ မဟုတ်။ ဒါပေမယ့်… ဒါပေမယ့်ပေါ့လေ…. ငတက်ဖြားဆိုတာကလည်း နာမည်တလုံးနဲ့ နေတာမဟုတ်လား.. သူခိုးတို့မည်သည် ရအောင်ခိုးနိုင်ရမည်ဟူသော မလျှော့သော ဇွဲ၊လုံးလတို့နှင့် တရုတ် သိုင်းဝတ္တုထဲကအတိုင်း မည်သို့မည်ပုံ ပြုလိုက်သည်မသိ.. တရုတ်ဘုရင်ကြီး၏ နန်းဆောင်ထဲကို ရောက်သွားတယ်ဆိုပဲ.. တရုတ်ဘုရင်ကြီး တရုတ်အရက်တွေ သောက်ပြီး အိပ်မောကြနေချိန်မှာ ငတက်ဖြားကြီးဟာ စွယ်တော်မြတ်ကို ခိုးယူပင့်ဆောင်နိုင်ခဲ့ပါသတဲ့.. ဒါနဲ့ ပြန်မယ်အလုပ်မှာ သွားလေးနှစ်ချောင်း ရှေ့ကိုအတန်ငယ် ခေါနေပြီး တခေါခေါနဲ့ အိပ်မောကျနေတဲ့ ဘုရင်ကြီးကို ကျီဆယ်လိုတာနဲ့ ပါလာတဲ့ ကွန်းအစ်ထဲက ထုံးတစ်တို့ယူပြီး ဘုရင်ကြီးရဲ့နှဖူးမှာ သူ ခိုးယူသွားမှန်း သိအောင် “ငတက်ဖြား” လို့ ရေးခဲ့ပါလေရော.. တော်တော်နောက်တဲ့ကောင်.. ဟီး.. ကျုပ်လိုပဲ..

နောက်တနေ့ တရုတ်ဘုရင်ကြီး ညီလာခံကျင်းပတော့ ဒီလောက်စစ်တပ်တွေ အထပ်ထပ် စောင့်ကြပ် ထားတဲ့ကြားက သူကိုးကွယ်ရာ စွယ်တော်မြတ်ကို ခိုးယူခံရတဲ့အပြင် နှဖူးမှာပါ စာရေးခံရတော့ တော်တော့ကို ဒေါသ တွက်နေလေရဲ့…

“၀ သိစိတ်စိုးလယ်.. ၀ ပစ်စီးကိုလည်းခူးလယ်.. ၀ကိုလည်း စူစူကားကား နှီဖူးမှာ စာရီးလယ်.. ၀လို့ စီလုပ်တွေ တီလောက် ညံ့ရလား.. တီနေ့ကစပီး မြီမာတွီ ချီးကူးလဲ့တုတ်နဲ့ပီး ထီမင်းစားကြလော့” ဆိုပြီး အလွန်ပြင်ထန်တဲ့ အမိန့်ကို ချလိုက်ပါလေရော…

အဲဒီအချိန်ကစပြီး တရုတ်တွေ “တူ” နဲ့စားတဲ့ အလေ့အထ ဖြစ်လာပါသတဲ့ကွယ်.. ပုံပြင်လေးကတော့ ဒါပါပဲ.. မောင်ညီမလေးတို့ တတွေလဲ “တူ” နဲ့စားသောက်တိုင်း ဒီပုံပြင်လေးကို အမှတ်ရကြပါကွယ်….

ဪ.. ဒါနဲ့ ကျွန်တော့ကောင်မလေးရဲ့ ညစာကိုရော သူမဘယ်လိုစားသုံးနေပါသလဲ…?
“တူ” နဲ့မစားဖြစ်ပါစေနဲ့လို့ ဆုတောင်းမိပါ၏။ ။

Tuesday, July 04, 2006

သတိရခြင်း


ဒီနေ့ နေမကောင်းပါ.. ကိုယ်တွေပူပြီး ဖျားပါလေရော.. ဒါနဲ့ပဲ ဆေးခွင့်ယူလိုက်ရတယ်..
ဘာရယ်မဟုတ်ပဲ ဘိုးတော်စိုင်းစိုင်း(စိုင်းစိုင်းခမ်းလှိုင်မဟုတ်ပါ၊ စိုင်းထီးစိုင်ကို ဆိုလိုပါသည်) ရဲ့ သီချင်းတစ်ပုဒ် ကို အကြိမ်ကြိမ်နားထောင်မိတယ်… ကောင်မလေးရေ… ငါမင်းကိုသိပ်သတိရတယ်ကွာ..

လမင်းငယ်နဲ့ စမ်းချောင်းလေးတစ်ခုရဲ့ ဘ၀လိုပါပဲ… စမ်းချောင်းလေးဟာ သူ့ဟာသူသာနေတဲ့ လမင်းကိုကြည့်ပြီး ရင်ခုန်စွာစီးဆင်းနေလေရဲ့… တစ်ကယ်တော့ လမင်းနဲ့ စမ်းချောင်းလေးတို့ဟာ မိုင်ထောင်ပေါင်းများစွာ အလွန်ကို ဝေးကွာတဲ့နေရာက တစ်ယောက် သဘာဝတစ်မျိုးစီနဲ့ နေကြတာပါ။ ဒါပေမယ့် မိုးကုတ်စက်ဝိုင်းအစွန်းရဲ့တစ်နေရာမှာတော့ ဆုံတွေ့မှာဘဲလို့ ယုံကြည်နေတဲ့ စမ်းချောင်းလေးဟာ ဆက်လက်ပြီး စီးဆင်းဆဲ စီးဆင်းလို့နေပါတော့တယ်… တကယ်တမ်းကြတော့ လမင်းငယ်လေးဟာ သိတောင်မသိရှာပါဘူး…. အေးချမ်းစွာ ဖြာကျနေတဲ့ လရောင်ပေါ်မှာ သာရာမိတဲ့ စမ်းချောင်းလေးကတော့ စီးဆင်းဆဲ စီးဆင်းလို့နေပါရဲ့….

ကောင်မလေးရေ …. နားထောင်ကြည့်ပါဦး မြစ်ရေစီးသံလို ငါ့ရင်ခုန်သံတွေလေ…..

Thursday, June 29, 2006

ချစ်ခြင်း၏နောက်ဆက်တွဲ



အမှန်တယ်တော့ အချစ်ဆိုတာကို စတင်သိကျွမ်းချိန်မှာသာ ပျော်ရွှင်ခြင်းဆိုတဲ့ တစ်စုံတစ်ရာသော စိတ်ခံစားမှုကို ရရှိခဲ့တာဖြစ်ပြီး အဲဒီနောက်မှာတော့ တမ်းတရတာတွေ… ရင်မောရတာတွေ.. စိတ်ဓါတ်ကျချင်စရာကောင်းတဲ့ စိတ်ခံစားမှုမျိုးတွေကိုသာ ဆက်တိုက်ရရှိခဲ့တာပါ……..

ကျွန်တော်က အချစ်ဆိုတာကို “ အကြောင်းပြချက်မခိုင်လုံသော စိတ်ခံစားမှုအားလုံးတို့၏ အကြောင်းပြချက်တစ်ခု ” လို့ အဓိပ္ပယ်ဖွင့်ဆိုခဲ့ဖူးတယ်… ကျွန်တော်ဘာကြောင့်များ သူ့ကိုချစ်မိသွားခဲ့ပါလဲ… ဘာအကြောင်းပြချက်မျှ ထွေထွေထူးထူးမရှိပါဘူး … ဒါပေမယ့် ချစ်ခဲ့တာတော့ သေချာတယ်..

“ ကောင်မလေးရေ…. အဲဒီလိုမေးခွန်းမျိုး မမေးဖို့ ကြိုတင်ပြောထားပါရစေကွယ်… ”

ကြားဖူးတာတစ်ခုရှိတယ်… လျှို့ဝှက်စွာခံစားပြီး အချစ်ကိုခံစားတတ်တာ မိန်းကလေးတွေရဲ့ အချစ်တဲ့… ယောကျာ်းတစ်ယောက်အနေနဲ့တော့ မိမိရဲ့အချစ်ကို ထုပ်ဖော်ပြသနိုင်စွမ်းရှိရမယ်တဲ့…

ခက်တော့နေပြီဗျာ… ကျုပ်ဆိုတဲ့ကောင်ကလဲ.. အဲဒီအချစ်ဆိုတာကို ရင်ထဲမှာပဲ ခံစားတတ်တော့…. ဘယ်လိုပြောပြရမှာလဲ… တစ်ခါတစ်ရံမှာ စိတ်ခံစားချက်ကိုဖော်ပြဖို့အတွက် စကားလုံးတွေက ရှာပါးလွန်းတယ်ဗျ….

တကယ်တော့ ကျုပ်ရင်ထဲမှာဖြစ်တည်နေတဲ့ သူ့အပေါ်ထားရှိတဲ့ ချစ်ခြင်မေတ္တာဆိုတာ… ဒီလိုသိမ်နုပ်သေးငယ်လှတဲ့ စကားလုံးလေးနှစ်လုံးတည်းနဲ့ အဓိပ္ပယ်ပြည့်စုံနိုင်မယ် မထင်ပါဘူး….

ဒါ့ကြောင့်လဲ “ ချစ်တယ် ” ဆိုတဲ့ ဒီစကားလုံးနှစ်လုံးကို သူသိအောင် အလွယ်တကူမပြောဖြစ်ခဲ့တာပါ…..

Wednesday, June 28, 2006

မြင်မြင်ချင်း ချစ်တယ်

လူတိုင်း အချစ်ဆိုတာနဲ့ တစ်ခါတော့ ကြုံဖူးကြမှာပါ.. ကျွန်တော်စတင်တွေ့ခဲ့တဲ့ အချစ်ဆိုတဲ့အကြောင်း မပြောခင် တစ်ခုကြိုပြီး ၀န်ခံထားချင်တာတစ်ခုက ကျွန်တော်ဟာ “မြင်မြင်ချင်း ချစ်တယ်” ဆိုတာကို လက်ခံယုံကြည်တယ်ဆိုတာပါပဲ..


ဒါဟာ တစ်ကယ်ကိုဖြစ်ခဲ့တာပါ… ကျွန်တော့်လိုပဲ အခြားအခြားသောသူတွေလဲ ကြုံဖူးကြလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်…..


တော်တော့်ကို ထူးဆန်းတယ်ဗျာ… သူ့ကို မြင်မြင်ချင်းပဲ သူဟာ ကျွန်တော့်ဘ၀အတွက်ပဲလို့ ယုံကြည်မိတယ်.. သူ့မျက်ဝန်းတွေနဲ့ စတင်စုံတဲ့ အချိန်ပေါ့.. ပြီးတော့… သူပြုံးပြလိုက်တဲ့ အချိန်မှာ… ကျုပ်အသက်ရှူဖို့ ခဏမေ့သွားတယ်… ဘ၀တစ်လျောက်လုံး တစ်ခါမှ ဒီလိုခံစားမှုမျိုး မရှိခဲ့ဖူးဘူး…. အချစ်ဆိုတာ ဒါပဲလို့ တစ်ထစ်ချယုံကြည်မိတယ်….


ပြောပြရဦးမယ်.. တစ်ယောက်နဲ့တစ်ယောက် စတွေ့ကြချင်းတော့ (ဟီး..) တော်တော်ရှက်တာဗျ.. ပထမဆုံး တွေ့ဖူးတာလေ… မျက်လုံးချင်းဆုံမိရင် ရင်ခုံရလွန်းလို့ မဆုံမိအောင် မကြာခဏကြိုးစားပေမယ့် သူ့မျက်ဝန်းတွေကိုပဲ စုံမက်နေမိတယ်…


သူကျွန်တော့်ကို ကျောခိုင်းပြီးသွားတော့ နောက်ကနေ ဆက်ပြီးကြည့်နေမိတယ်… အသက်ရှုခြင်းဟာ သူနဲ့အတူ ပါသွားသလိုပါပဲ… ဒါဟာ ကျုပ်တို့နှစ်ယောက် ချစ်သူတွေဖြစ်သွားကြဖို့ စတင်ခြင်းပဲလို့ ခံစားမိလိုက်တယ်… ကြည်နူးတဲ့ခံစားချက်တွေ… အင်း…. တစ်မျိုးပဲဗျ… သိပ်မပြောတတ်ဘူး.. သေချာတာကတော့ သူဟာကျွန်တော့်ကို ဟန်ဆောင်မှုကင်းမဲ့စွာနဲ့ပဲ စွဲလန်းစေခဲ့တယ်… အဲဒီအချိန်ကစပြီး ကျွန်တော်ဟာ ထူးခြားဆန်းကြယ်သော.. တိကျစွာအဓိပ္ပယ်ဖွင့်ရန် ခက်ခဲသော… အချစ်ဆိုတဲ့အရာနဲ့ စတင်မိတ်ဆက်ခဲ့တဲ့နေ့မှာပဲ သာမန်ခံစားချက်တွေနဲ့ မတူညီသော ပျော်ရွှင်မှု/တမ်းတမှု တစ်စုံတစ်ရာကို စတင်ခံစားရတော့ တာပါပဲ..


ခုချိန်ထိပေါ့ဗျာ…. သူ့မျက်ဝန်းတွေနဲ့ စတင်စုံခဲ့တာတွေ.. သူပြုံးပြလိုက်တဲ့ နူးညံ့ခြင်း တစ်စုံတစ်ရာတွေဟာ… သိပ်ကိုမကြာသေးတဲ့ စက္ကန့်အနည်းငယ်က ဖြစ်ပျက်ခဲ့သလို ပျော်ရွှင်နွေးထွေးမှုကို ခံစားနေရတုံးပါပဲ…  အဲဒါတွေကတော့ ကျွန်တော်နဲ့ စတင်သိကျွမ်းခဲ့တဲ့ “မြင်မြင်ချင်း ချစ်တယ်” ဆိုတဲ့ ခံစားချက်ပါပဲ……


ဪ… ၀န်ခံစရာ တစ်ခုရှိသေးတယ်… အဲဒီနေ့ အဲဒီအချိန်ကပြီး ကျွန်တော်သူ့ကို တကယ်ချစ်သွားတယ်.....